မြို့နယ်အချို့၌ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုမည့်လက်နက်၊ပစ္စည်း၊ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့်အတူဆက်လက်ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊မေ -၂
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သစ်စိမ့်ကုန်းကျေးရွာနေ အိုက်ဆာ(၄၈)(ဘ)ဦးစောနှင့် ထွန်းထွန်း (ဘ)ဦးရွှဲမောင် တို့အား ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ကျောင်းဝင်းလိုင်းခန်းနေ ရဲကိုကို(ဘ) ဦးခင်မောင်စိုး အား လည်းကောင်း၊ ည ၁၀ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်၊ ဖန်စက်လမ်း၊ မုဒိတာအိမ်ရာ(၂)၊ အခန်း/ အေ(၉၀၈)၌ လက်လုပ်ဗုံး ၁၁ လုံး ၊ အသံဗုံး ၃၈ လုံး၊ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် လည်းကောင်း၊ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်၊ ကျောက်မြောင်းလမ်းရှိ အမှတ်(၁၀၁/၆)လွှာရှိ နေအိမ်၌ မစိုးရတနာကိုကို(ဘ) ဦးအောင်ကို၊ ဟန်စစ်(ခ) သားငယ်(ဘ)ဦးအောင်သူ၊ စိုးမင်းသန့်(ဘ)ဦးမျိုးမြင့်နှင့် စစ်သွေးခိုင်(ခ) ဂျူတို(ဘ)ဦးစောပိုင်တို့အား ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း ၊ ညနေ ၄ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁) နေအောင်မျိုးလှိုင် (ခ)အဂူး (ဘ)ဦးကျော်စိုးလှိုင် အား လက်လုပ်သေနတ် ၃ လက်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ အိုက်ပီး(ဘ)ဦးလောလွန်နှင့် အေးမောင်(ဘ)ဦးသိန်းမြင့် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၇၅ ပြား၊ ကျည်ကာအင်္ကျီများ၊ ယမ်းမှုန့်များနှင့်လည်းကောင်း၊ အမှတ်(၆) ရပ်ကွက်ရှိ စိန်ဌေး(ဘ)ဦးကျော်ဖြူ အား ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ မျိုးမင်းထွန်း(ဘ)ဦးကံချွန် အား လုပ်သေနတ် ၂ လက်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ပစ္စည်း၊ ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအားဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။