သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့် ဗုဒ္ဓနေ့အားရည်မှတ်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာနှင့် ဆွမ်းဆန်တော် စုပေါင်း လောင်းလှူပွဲမင်္ဂလာကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ် ပွားတော် များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တက်ရောက်လာကြသူများက အခမ်းအနားကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ထို့နောက် စောင်းပညာရှင် ဦးထွန်းဝဏ္ဏစိုး (တွဲဖက်ပါမောက္ခ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် တွဲဖက်၍ တေးသံရှင် ခိုင်ဇင်ရွှေ(ကထိက)က "ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနား" သီချင်းခံ့ သုံးပိုဒ်ဖြင့် သီကျူးပူဇော်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တသီဟနာဒ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ပွားသရဇျ္စာယ်တော်မူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ စေတိ ယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားကို ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာ တော်(၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀)ပါးတို့က ဥဒါန်းပဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသိတ်သွန်းလောင်းတော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်ရင်ပြင်တော်၌ ဆရာတော်သံဃာတော် (၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀)ပါးတို့အား ဆွမ်းဆန်တော်များစုပေါင်း လောင်းလှူကြပြီး အနုပညာရှင်များက ဓမ္မပူဇာတေးသီချင်းများဖြင့် ပူဇော်ကန်တောကြ ကြောင်း သတင်းရရှိသည်။