နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသဗန်းမော်ကျောင်းတိုက်ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့က  သွားရောက်ဖူးမြော် မန္တလေး၊ ဧပြီ ၂၈

Friday, April 28, 2023 - 16:30

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ် အထွေထွေရောဂါကုသ ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများခံယူ သီတင်းသုံးတော်မူနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက် ကောင်းမွန်နေမှုအခြေအနေအား  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူက ယနေ့ နံနက်ပိုင်းက သွားရောက်ဖူးမြော် ကြည့်ရှုခဲ့ကြသည်။

ဦးစွာ ဆရာတော်ကြီးအားဖူးမြော်ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့်  အထူးကုဆရာဝန်ကြီးများက ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက် ကောင်းမွန်နေသည့် အခြေအနေများ၊ အနီးကပ်ကြီးကြပ်ကာ စနစ်တကျဆောင်ရွက်ကုသပေးနေမှုများနှင့်   ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်၍ မူလသီတင်းသုံးရာကျောင်းတွင် ပြန်လည်သီတင်းသုံးသည့်အခါ ကျန်းမာရေးအခြေအနေများကို အစဉ် မပြတ်အနီးကပ်စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို လစ်ဟာမှုမရှိစေရေး အထူး ဂရုစိုက်ဆောင်ရွက်သွားကြရန်တို့ကို  အလေးအနက်ထားမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဆရာတော်ကြီးအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယခုအခါ ဆရာတော်ကြီးမှာ  သက်တော် (၉၄)နှစ်၊ သိက္ခာ(၇၄)ဝါရှိပြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်(၉ထပ်ဆေးကုသဆောင်) (၅)ထပ်ရှိ အထူးသီးသန့်ခန်းတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကု ဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆရာတော်ကြီး ၏ကျန်းမာရေးအခြေအနေ မှာတိုးတက်ကောင်းမွန်လျက်ရှိရာ မူလ သီတင်းသုံးတော်မူရာ ကျောင်း၌ ပြန်လည်သီတင်း သုံးသွားမည်ဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ ကျန်းမာရေး စောင့်ရှောက်မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် အထူးကုဆရာဝန်ကြီးများက အနီးကပ် ကြီးကြပ်ကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။