ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိထ္ထီလာမြို့၊ အသောကာရုံရေလည်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ဆရာ တော် ဘဒ္ဒန္တလာဘာဝတနှင့် ကျောက်ဆည်မြို့၊ ဧရာဝတီပရိယတ္တိစာသင်တိုက် နိုင်ငံတော် သြဝါဒစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်းသံဃာ(၁၀၃)ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြှော် ကြည်ညိုကြသည်။
ဦးစွာ ရှင်းလင်းဆောင်၌ ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့်ရည်ရွယ်ချက်၊ တည်ထား ကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင် နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပ စေရေး အတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေ အနေများကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် တည်ဆောက်နေမှုအခြေအနေများကိုလည်း လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်များဆက်ကပ်လှူဒါန်းကြပြီး တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက ဆရာတော်၊ သံဃာတော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်းသတင်းရရှိသည်။