မြို့နယ်အချို့၌လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ
နေပြည်တော်၊ မေ - ၂
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်းသိရသည်။
ထို့သို့အပ်နှံရာတွင် မေ ၁ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အတွင်းရှိအောင်သာကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိဝါးဘိုးကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိပျည်ထောင်ကျေးရွာမှ လက်လုပ်သေနတ် ၇ လက်အား လည်းကောင်း၊ အောင်လံမြို့နယ်အတွင်းရှိထူးပေါက်ကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာနှင့် ဆပ်ကွင်းကျေးရွာ တို့မှ လက်လုပ်သေနတ် ၃ လက်နှင့် မှိန်း ၃ လက်တို့အားလည်းကောင်း၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ် ကွက်မှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အလှော်ကျေးရွာမှ တူမီးသေနတ် ၃ လက်နှင့် လေသေနတ် ၃ လက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအားလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီးစနစ်တကျသိမ်းဆည်းထားရှိ ကြောင်းသတင်းရရှိပါသည်။