စစ်ကိုင်းတိုင်းဒေသကြီ၊ ဝက်လက်မြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁ ဦး၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းရန်ပြုပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီး

Sunday, May 2, 2021 - 07:15

စစ်ကိုင်းတိုင်းဒေသကြီ၊ ဝက်လက်မြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁ ဦး၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းရန်ပြုပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၂

             ၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်  ၁ ဦး၏နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းရန်ပြု တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်မှန်များကွဲအက်ပျက်စီးကာ သိုလှေင်ရုံအဆောက်အဦ ၁ လုံးနှင့် ဆိုင်ကယ် ၉ စီးတို့မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဝက်လက်မြို့၊ အမှတ်(၂) ရပ်ကွက်နေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးစိုးခိုင် (၄၀)နှစ် (ဘ) ဦးသန်းညွှန့်၏ နေအိမ်အား ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်မှ ဆဲဆိုအော်ဟစ် ရောက်ရှိလာပြီး လက်လုပ်သေနတ်၊ လက်လုပ်မိုင်း၊ ဓာတ်ဆီပုလင်း၊ လေးခွ၊ ဂျင်ကလိ၊ အုတ်ခဲကျိုး များဖြင့် ဝိုင်းဝန်းရန်ပြုပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများက ဦးစိုးခိုင် ပိုင်ဆိုင်သော နေအိမ်နှင့် “မြင့်”စားသောက်ဆိုင်တို့အား ဝိုင်းဝန်းဖျက်ဆီးမီးရှို့နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ ထိခိုက်ဒဏ်ရာ ရရှိထားသော အမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

             ထိုကဲ့သို့ ဆူပူအကြမ်းဖက်သူများ၏ ဝိုင်းဝန်းရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့မှုကြောင့် ဦးစိုးခိုင် ပိုင်ဆိုင်သော ၃ ထပ်တိုက်နေအိမ်၏ မှန် ၂၉ ချပ် ကွဲအက်ပျက်စီးကာ “မြင့်”စားသောက်ဆိုင်ရှိ ဘီယာများ သိုလှောင်ထားသော ၁၀ ပေပတ်လည် ပျဉ်ခင်း၊ ပျဉ်ကာ အဆောက်အဦ ၁ လုံးနှင့် ဆိုင်ကယ် ၉ စီးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့်  ဆူပူအကြမ်းဖက်မှုလုပ်ရပ်တွင် ပါဝင်ပတ်သက်သူ များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။