စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ဧပြီ - ၇

Friday, April 7, 2023 - 17:15

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၄၉ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၈ ဦး၊ ခွဲစိတ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၁၀၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၂ ဦး၊ မျက်စိရောဂါ ၁၄၂ ဦး၊ သွားရောဂါ ၄၅ ဦးနှင့် အခြားရောဂါ ၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၃ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၃ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၇၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁၈ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်‌ဆောင်း          ထိုးနှံရန်လိုအပ်သူ၁၂၅ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူ နေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင် ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။