စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာသည်။
အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့တွင် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊ ဆေးမှူးများ၊ သူနာပြုအရာရှိ၊ စစ်သည်များနှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျားသွားရောဂါ ခွဲစိတ်ကုသရေးယာဉ်တို့ ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။