အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အထောက်အကူပြု အဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ NCA-S-EAO အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS) ၊ ဒုတိယအဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့် နိုင်အောင်မငေး(NMSP) ၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း (PNLO)နှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ နှစ်ရက်တာအတွင်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံ မူများ ကိစ္စ၊ အရပ်သားများကာကွယ်ပေးရေးဆိုင်ရာကိစ္စ၊ နှစ်ဖက် ဘုံသဘောတူညီချက်များ ရရှိနိုင်ရေး ကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စရပ်များအား နှစ်ဖက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက် သဘော ထားစုစည်းချက်များအား မှတ်တမ်း တင်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။