ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ မတ် -  ၂၉

Wednesday, March 29, 2023 - 16:30

                 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် မိသားစုများ သည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည် ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက် နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

                 ဦးစွာ တာဝန်ရှိသူများက အားပေးအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ငွေကျပ်သိန်း ၃၂၂၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၆၄၄ နှင့် လူသုံး ကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit  ၁ ပုံးနှုန်းဖြင့် Family Kit  ၆၄၄ ပုံး ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၂၇၀၆ ဦးအတွက် ထောက်ပံ့ငွေ ၂၄၃၅၄၀၀၀ ကျပ်ကို လည်းကောင်း စခန်းတာဝန်ခံများထံ အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

                 ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ စီစဉ်ဆောင်ရွက်ပေး မှုဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည်သွားရောက်နေထိုင်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ဝင်များ၏ အိမ်သုံးကုန်ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ် များနှင့်  စက်လှေများဖြင့် ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ၎င်းတို့၏ နေရပ်ကျေးရွာ များအရောက် အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။