မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်လူအုပ်စုနှင့် လက်နက်ကိုင်သောင်းကျန်းသူ များမှ လာရောက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ မေ ၁
၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ညပိုင်းနှင့် မေလ ၁ ရက်နေ့တို့တွင် မြို့နယ်အချို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲစခန်းများအား အကြမ်းဖက်လူအုပ်စုများနှင့် လက်နက်ကိုင် သောင်းကျန်းသူများမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီး ရန်ကုန်−မော်လမြိုင်ကားလမ်းပေါ်ရှိ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းအား အကြမ်းဖက်သူအမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာကာ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူ ၂ ဦးမှာ ထွက်ပြေးသွားခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခိုင်တံတားအား လုံခြုံရေးရယူထားသော တပ်ဖွဲ့ဝင်များ အခြေပြုနေသည့် တောင်ကုန်းအား လက်နက်ကိုင်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်က ၆၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ်ခန့်ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အဆိုပါသောင်းကျန်းသူ များမှာ အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လူနှင့်အဆောက်အဦ ထိခိုက်မှု မရှိကြောင်း သိရသည်။
အလားတူ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ဖရူဆိုမြို့မရဲစခန်းအား ရဲစခန်း၏အရှေ့ဘက်မြို့ရှောင်လမ်းပေါ်မှ အကြမ်းဖက်သူ အမျိုးသား ၂ ဦးမောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့၍ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါဆိုင်ကယ်မှာ ရဲစခန်း၏အရှေ့ မြောက်ဘက် လောခုခူကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ထိုသို့ပစ်ခတ်မှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။
မြို့နယ်အချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်လူအုပ်စုနှင့် လက်နက်ကိုင်သောင်းကျန်းသူ များမှ လာရောက်ပစ်ခတ်တိုက်ခိုက်
Saturday, May 1, 2021 - 05:15