ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

Tuesday, April 6, 2021 - 09:45

နေပြည်တော်၊ မတ် - ၈

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ပြည်သူ့ဆေးရုံနှင့် တနိုင်းမြို့၊ ဟူးကောင်းခန်းမတို့၌  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ သံဃာတောများနှင့် သာသာနာ့နွယ်ဝင် သီလရှင်များအား အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အဆိုပါမြို့ရှိ ပြည်နယ်ခန်းမ၌ လည်းကောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှဆရာဝန်များနှင့် ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးကြသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အရှေ့ခေမကန်တိုက်၊ ချမ်းမြသာစည်မြို့နယ်၊ ရွှေရေးကျောင်းတိုက်နှင့် ဘုရားကြီးတိုက်တို့မှ ဦးစီးပဓာန ဆရာတော်ကြီးများ အမှူးပြုသော သံဃာတော် စုစုပေါင်း ၁၈၈ ပါးအား ဆိုပါကျောင်းတိုက်များ အသီးသီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲရုံးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀၉ ဦးတို့ကို ရဲတပ်ဖွဲ့မှူးရုံး ၌လည်းကောင်းတိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

          ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ရွှေတောင်မြို့တို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်း ၄၀၀ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေတောင်မြို့၊ ပြည်သူ့ဆေးရုံတို့၌ သက်ဆိုင်ရာမြို့နယ်၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။