ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လာရောက် လျှောက်ထားခဲ့သည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၈ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၃၂ ပါတီဖြစ်၍ စုစုပေါင်း ၄၀ ပါတီ ဖြစ်သည်။ ယင်း ၄၀ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၀ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၃၀ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။