နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ဝင် စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသောကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ရက်တာဆွေးနွေး ညှိနှိုင်း ချက်များအရ နှစ်ဖက် သဘောတူညီချက်များ ရယူကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက် များကို အတည်ပြု လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ကြသည်။
ယင်းနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ ကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာနှင့်တိုင်းရင်းသားရေးရာစာအုပ်များနှင့် လက်ဆောင် ပစ္စည်းများကို အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။