ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော် လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံး ပုလဲ ရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ် ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူ တော်လေးဖြစ်သည်။
ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၈ လသား အရွယ်တွင် အရပ်အမြင့် ၃ ပေ ၃ လက်မ၊ ကိုယ်လုံးလုံးပတ် ၅ ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၄၂၀ ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူ တော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင် လျက်ရှိကြောင်းနှင့် ဆင်ဖြူ တော်လေး “ရဋ္ဌနန္ဒက”မှာ ငယ်စဥ်ကတည်းကပင် လူနှင့်ယဥ်ပါးသည့် ဆင်ဖြူတော်လေးဖြစ် ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။