နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် UWSP ၊ NDAA ၊ SSPP ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို ဆွေးနွေး ညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကိုယ်စား “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ထို့နောက် အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စတို့အား အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ဖက် ဆွေးနွေးချက်များအရ သဘောတူညီချက်များ ရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း သိရှိရသည်။