ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ် မြို့၌ (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဖိုရမ်နှင့်အတူ ပူးတွဲကျင်းပသည့် “Baltic Sea Day” သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနမှ online ဖြင့် ပါဝင်တက်ရောက်ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လူသားများအတွက် ပင်လယ်သမုဒ္ဒရာ၏ အရေး ပါမှု၊ အဏ္ဏဝါရေပြင် အသုံးပြုသူများအတွက် ဟန်ချက်ညီသော အစီအမံများချမှတ်ရန် လိုအပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်မှုများနှင့် မြန်မာနိုင်ငံအနေဖြင့် ရေနံယိုဖိတ်မှုကြောင့် အဏ္ဏဝါဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ မရှိစေရန် ကာကွယ်ရေးအစီအမံများ ရေးဆွဲဆောင် ရွက်လျက်ရှိမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားပေါ်ပေါက်ရသော ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ သမုဒ္ဒရာတွင်းအက်ဆစ်ဖြစ်ထွန်းခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ပင်လယ်ရေထုညစ်ညမ်းခြင်း စသော သဘာဝဘေးအန္တရာယ်များ၊ မျက်မှောက်ခေတ်နှင့် အနာဂတ် မျိုးဆက်များအတွက် နိုင်ငံတော်က ရေရှည်တည်တံ့သာယာဝပြောသော လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်ရန်ဟူသည့် မဟာဗျူဟာချမှတ်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရက နှစ်စဉ်ကျင်းပလာခြင်းဖြစ်ပြီး ယခု (၂၃) ကြိမ်မြောက်အား ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂-၂၄) ရက်များတွင် ပင်လယ်ရေထု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
ဖိုရမ်သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘက်အစိုးရအဖွဲ့မှ အကြီးအကဲများ၊ သဘာဝ အရင်းအမြစ်များနှင့် ဂေဟစနစ်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင် များ၊ သုတေသနပညာရှင်များနှင့် တရုတ်၊ ဗီယက်နမ်၊ ဘီလာရူစ်နိုင်ငံတို့ အပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀၀) ကျော် ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ သက်ဆိုင်ရာဌာနအကြီးအကဲများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။