နေပြည်တော်၊ မတ် -၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သူ ဦးသိန်းထွန်း(ကျောင်းဆရာအငြိမ်းစား)သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်းတုံရပ်ကွက်နေ ၎င်း၏ မိတ်ဆွေထံသို့ လူမှုကိစ္စများ ဆောင်ရွက်ရန် သွားရောက်စဉ် အဆိုပါရပ်ကွက်ရှိ ဆူပူဆန္ဒပြလူတစ်စုက လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတင်းပေးသူဟု စွပ်စွဲပြီး ဖမ်းဆီးရိုက်နှပ်ပြီး ရပ်ကွက်ရှိ သီရိရတနာဓမ္မာရုံ၌ ချုပ်နှောင် ထားကြောင်း သိရှိရသည်။
အဆိုပါ ဦးသိန်းထွန်း အား ချုပ်နှောင်ထားမှုအပေါ် တာဝန်သိပြည်သူအချို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သဖြင့် သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက် ခဲ့ရာ ဖမ်းဆီးချုပ်နှောင်ခံရသူ ဦးသိန်းထွန်း မှာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် လွတ်မြောက် သွားခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနှင့် ၅၇ လမ်းထောင့် သို့အရောက် ဆိုင်ကယ်တစ်စီးသည် လုံခြုံရေးယာဉ်တန်းအား တွေ့ရှိ၍ ရှောင်ရှားရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မောင်ဇင်နိုင်သူ၊ မောင်ကိုဦး တို့ နှစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များတွင် ပါရှိသည့် ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဖိုးရာဇာလမ်း၊ ၅၉ လမ်းနှင့် ၆၀ လမ်းကြား၊ (ဈ)ရပ်ကွက်ရှိ ဆူပူဆန္ဒပြသူလူတစ်စုအခြေပြု နေရာဖြစ်သော ကနောင်ခန်းမအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့် အလံများ၊ ဆိုင်းဘုတ်များ၊ နဖူးစည်းများ၊ အင်ဂျင်နီယာဦးထုပ်များ၊ ဗီနိုင်းများ၊ ရေကာမျက်မှန် များ၊ အထပ်သား ဒိုင်းများ၊ ဖိုက်ဘာဒိုင်းများ၊ သံဒိုင်းများနှင့် မော်တော်ဆိုင်ကယ်များစသည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိပစ္စည်းများမှာ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့မှ အင်ဂျင်နီယာ CDM ဆန္ဒပြလှုပ်ရှားမှုသူများအသွင်အမည်ခံ၍ အသုံးပြု လျက်ရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိရပြီး ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။