ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ပြည်သူ့အလုပ်သမားပါတီ နှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့သည် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၃ ပါတီဖြစ်၍ စုစုပေါင်း ၂၉ ပါတီ ဖြစ်ပါသည်။ ယင်း ၂၉ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၂ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။