မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ယာယီအခြေပြုနေရာတစ်ခုအား သိမ်းဆည်းရမိ နေပြည်တော်၊ မတ် - ၁၃

Monday, March 13, 2023 - 16:30

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခိုအောင်းနေထိုင်၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း နယ်မြေ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် တာဝန်သိဒေသခံပြည်သူများက လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ သတင်းပေးပို့လာခဲ့သည်။

အဆိုပါသတင်းပေးပို့ချက်အရ အောင်သာကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် သတင်းဖော်ထုတ်ခြင်းနှင့် လုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ၎င်းကျေးရွာအနီး ယာယီအခြေပြု၍ ခိုအောင်းနေထိုင် လျက်ရှိသည့် အခြေပြုနေရာတစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး  လူနေတဲ ၉ လုံးနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အသုံးပြုသည့်  မြေအောက်အချုပ်ခန်း ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါနယ်မြေအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လိုအပ် သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။