နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အမှာစကား
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီးများဟာ ကမ္ဘာ့ နိုင်ငံများရဲ့ အဓိကကျတဲ့ အင်အားစုကြီးဖြစ်ပြီး အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်မှာ မတ်လ(၈)ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။
မြန်မာ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလများမှာ အမျိုးသားများနှင့် ရင်ပေါင်တန်း တိုက်ပွဲဝင်ခဲ့ ကြတဲ့ အမျိုးသမီး သူရဲကောင်းများစွာ ရှိခဲ့ကြသလို ခေတ်အဆက်ဆက် မှာလည်း နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များမှာ ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ လူဦးရေ (၅၄.၉) သန်းခန့်မှာ အမျိုးသမီးပါဝင်မှုက (၅၂)ရာခိုင်နှုန်း ဖြစ်ပါတယ်။ နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ အမျိုးသမီး များရဲ့ အခန်းကဏ္ဍဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်တွေမှာလည်း စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင်နေကြတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာအမျိုးသမီးများအပါအဝင် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အနေနဲ့ နှစ်စဉ် မတ်လ (၈) ရက်နေ့ ရောက်တိုင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတကာမှာ အခမ်းအနားတွေ ကျင်းပတဲ့နည်းတူ ကျွန်တော်တို့ နိုင်ငံမှာလည်း မြန်မာ အမျိုးသမီးများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလို နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပရခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ အမျိုးသမီးတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခြေအနေအရပ်ရပ်ကို ဝိုင်းဝန်းဖြေရှင်းပြီး ၎င်းတို့ရဲ့ စွမ်းပကားတွေ မြင့်မားလာစေဖို့အတွက် အမျိုးသမီးအရေးတွေကို နေရာအနှံ့မှာ ဘက်စုံထောင့်စုံကနေ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြ ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများရဲ့ အခန်းကဏ္ဍ တိုးတက်မြင့်မားရလေအောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲ အကောင်အထည်ဖော်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ(မူကြမ်း) ရေးဆွဲထားရှိမှု၊ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း
( Myanmar Sustainable Development Plan – MSDP )၊ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (COVID- 19 Economic Relief Plan-CERP) ကို ရေးဆွဲအကောင်အထည်ဖော်မှု တို့ဟာ မြန်မာအမျိုးသမီးများအတွက် ထိရောက်တဲ့ အထောက်အပံ့ ကောင်းများ ရရှိစေတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။
ထပ်မံရေးဆွဲနေတဲ့ COVID-19 ကပ်ရောဂါအလွန် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးစီမံချက် (Myanmar Economic Recovery and Reform Plan-MERRP)
ကဲ့သို့သော နိုင်ငံတော်ရဲ့ စီးပွားရေးကုစားမှု စီမံချက်တွေမှာလည်း ကျား/မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းပကားမြှင့်တင်မှု ရှုထောင့်တို့ကို ပေါင်းစပ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂက ယခု ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ချမှတ်ထားတဲ့ ဦးတည်ချက်ဆောင်ပုဒ်ကတော့ Women in leadership: Achieving an equal future in a COVID-19 world (တန်းတူညီမျှတဲ့ အနာဂတ်ဖော်ဆောင်ဖို့ အမျိုးသမီးကဏ္ဍ မြှင့်တင်လို့ COVID-19 တုံ့ပြန်စို့) ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်ပုဒ်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိလုပ်ဆောင်မှုများက ကိုက်ညီမှုရှိနေတယ် ဆိုတာတွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ယိုယွင်းပျက်စီး နိမ့်ကျခဲ့ရတဲ့ ကဏ္ဍပေါင်းစုံကို ပြန်လည်ထူထောင်နိုင်ရေးမှာ အမျိုးသမီး များနဲ့ မိန်းကလေးငယ်များဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတာကို ဒီဆောင်ပုဒ်က မီးမောင်းထိုးပြလျက် ရှိပါတယ်။
စစ်မှန်တဲ့ တန်းတူညီမျှမှု ရှိစေရေးအတွက် အမျိုးသမီးများနဲ့ အမျိုးသမီးငယ်တွေရဲ့ တစ်ဦးချင်းတန်ဖိုးကို အသိအမှတ်ပြုသလို မိသားစု၊ ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက် ၎င်းတို့ရဲ့ တန်ဖိုးရှိမှုကိုလည်း လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ လူတိုင်း ကျား/မ မဟူ၊ နိုင်ငံကြီးငယ်မရွေး အခြေခံလူ့အခွင့်အရေးများနဲ့ တန်းတူရည်တူ အခွင့်အရေးရှိခြင်းကို အလေးအနက်ဂရုပြုရန် ဆိုတာကို ဖော်ပြ ထားပါတယ်။ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ ကုလ သမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ အမျိုးသမီးများအား နည်း မျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအခွင့်အရေးများကိုလည်း ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့၌ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများ ညီလာခံက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး (၁၂) ရပ် ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း (Beijing Declaration) နဲ့ ဘေဂျင်းလုပ်ငန်း စီမံချက်ကို အတည်ပြု ချမှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇) ခုမှာလည်း ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များ အားလုံး စွမ်းပကားတိုးမြှင့်စေရေးဆိုတဲ့အချက်ပါရှိပြီး ဒီအချက်ကို မြန်မာ နိုင်ငံအနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ချိတ်ဆက်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။
အားလုံးသိကြတဲ့အတိုင်း ဒီနေ့အချိန်ကာလဟာ ကမ္ဘာ့နိုင်ငံများ အားလုံး COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုများနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီကပ်ရောဂါကို အံတုရင်ဆိုင်ရင်း ဒီရောဂါဖြစ်ပွားမှုကြောင့် ယိုယွင်းပျက်စီးအားနည်းခဲ့ရတဲ့ကဏ္ဍပေါင်းစုံကို ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေကြပါတယ်။ ကျွန်တော်တို့ မြန်မာ အမျိုးသမီးများဟာ အမျိုးသားများနဲ့အတူ အင်တိုက်အားတိုက်၊ စိတ်ပါ လက်ပါ တက်တက်ကြွကြွနဲ့ပါဝင် ဆောင်ရွက်နေကြတာကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ် တွေ့မြင်ရတဲ့အတွက် မြန်မာအမျိုးသမီးများကို ချီးကျူး ဂုဏ်ပြုပါကြောင်းနဲ့ လေးစားအသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
တစ်ဆက်တည်းမှာပဲ မြန်မာအမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ပိုမို မြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများနဲ့ အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာကဏ္ဍ အသီးသီး ကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပန်ကြား လိုပါတယ်။
ဒီလို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာအမျိုးသမီးများအနေနဲ့ ကျွန်တော်တို့ ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ပိုမိုပါဝင်ခွင့်ရရှိကြကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးစွာသော အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အဓိကအင်အားစုကြီး တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်မှာ နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်ခဲ့ကြသလို ယနေ့ကာလမှာလည်း COVID-19 ကပ်ရောဂါအပါအဝင် တွေ့ကြုံနေရတဲ့စိန်ခေါ်မှုများနဲ့ အခက်အခဲ များကို ရင်ဆိုင်ကျော်လွှားရင်း အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကဏ္ဍစုံမှာ အောင်မြင်တဲ့ မြန်မာအမျိုးသမီးများ ဖြစ်ကြပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။