တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နေပြည်တော်၊ မတ် - ၁၀

Friday, March 10, 2023 - 15:30

            ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီး သော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ် ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါ လူနာများအား မာန်အောင်မြို့နယ်ခန်းမသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင် ပေးသည်။

            ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၈၇ ဦးအား  မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၉၄ ဦး၊ ခွဲစိတ်ရောဂါ ၁၀၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ ၆၈ ဦး၊ အရိုးရောဂါ ၃၀၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၁၂၅ ဦး၊ မျက်စိရောဂါ ၃၈၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၈ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၁၄၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၉၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၃ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။