၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို နေပြည်တော်၊ မတ် - ၉

Thursday, March 9, 2023 - 15:45

            ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၁၇၉၈၄၃ ရှိပြီး စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁၆၈၁ ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၉ ဒဿမ ၉၀  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။