ဖျာပုံမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများကို တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ် နေပြည်တော်၊ မတ် - ၇

Tuesday, March 7, 2023 - 16:15

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေ ၁ စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံ လှေများ၏ သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်မတော် စစ်ရေယာဉ်က မတ် ၆ ရက် ညပိုင်းတွင် သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား ၃ ဦးလိုက်ပါ၍ မတ် ၆ ရက် ည ၇ နာရီ ခန့်တွင် ဓမင်းဆိပ်ကျေးရွာမှ ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများထံသို့ ရေခဲနှင့် စက်သုံးဆီ များအား ပို့ဆောင်ရန်ထွက်ခွာလာစဉ် ဖျာပုံမြစ်ဝအရောက် လှေရှိရေ စုပ်ပန့်ချို့ယွင်းပြီး ရေဝင်မှုအားမထိန်းနိုင်သောကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သော ငါးဖမ်းလှေပေါ်မှ လှေသားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။