ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဉယျာဉ်တော် အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာ ကြသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များက ယနေ့ညနေပိုင်းတွင် သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ဘွဲ့ခံလူပုဂ္ဂိုလ်များ အား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများ ဖြင့်ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့်၊ ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဦး စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု အခြေအနေများကိုလည်းကောင်းအသီးသီး ရှင်းလင်း လျှောက်ထားသည်။
ထို့နောက် ကြွရောက်လာကြသော ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ၊ ဘွဲ့ခံလူပုဂ္ဂိုလ်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက် အဦးများတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း လုပ်ငန်းများအတွက် အလှူငွေ ကျပ်သိန်း ၁၀၀၀ ကျပ်ကို လောက်ကိုင်မြို့ ပယ်စိမ်းကုမ္ပဏီလီမိတက် ဥက္ကဌ ဦးဘေရင်နယ်(ခ) ဦးခင်မောင်လွင် က ပေးအပ်လှူဒါန်းရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဘဏ္ဍာငွေ ရှာဖွေိထိန်းသိမ်း ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးစိုးလွင်ကျော်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။