နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ပြီးသည့်နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သည်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ နှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] တို့သည်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၉ ပါတီဖြစ်၍ စုစုပေါင်း ၁၃ ပါတီ ဖြစ်ပါသည်။ ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။