နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ နေပြည်တော်၊ ဖေဖော်ဝါရီ     ၁၆

Thursday, February 16, 2023 - 16:15

              ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃)တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

              နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ယနေ့တွင် လာရောက် လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။