နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပထမနေ့ တွေ့ဆုံဆွေးနွေး နေပြည်တော် ဖေဖော်ဝါရီ ၁၃

Monday, February 13, 2023 - 15:00

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က မွန်ပြည် သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့အား ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက်ရင်း နှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် အစီအစဉ်များအတိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မ တီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ် ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် မွန်ပြည်သစ် ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလို သည့် အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများ က မိမိတို့၏သဘော ထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့်အတူ NCA စာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ယနေ့တွင်လည်း NMSP အဖွဲ့က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကိစ္စများကို လာရောက် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ထူးခြားလေးနက်သည့် နေ့ရက်၌ ရင်းနှီးပွင့်လင်းသည့် တွေ့ဆုံမှုတစ်ရပ်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီထံမှ သိရသည်။