ပဲခူးမြို့၊ နယ်မြေခံ တပ်မဌာနချုပ်အတွင်းရှိ ရုံးတစ်ရုံးပေါ်သို့ ဒေသန္တရလက်ပစ်ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲ

Monday, April 5, 2021 - 06:00

နေပြည်တော်၊ မတ် - ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နယ်မြေခံတပ်မဌာနချုပ်အတွင်းရှိ ရုံးတစ်ရုံးပေါ်သို့ ယနေ့ညနေပိုင်းတွင် ဒေသန္တရလက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ နယ်မြေခံတပ်မဌာနချုပ်အတွင်းရှိ ရုံးတစ်ရုံးအတွင်း ပေါက်ကွဲသံ ထွက်ပေါ်လာသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ ရုံးအဆောက်အဦ၏ ဧည့်ခန်းအမိုးသွပ် အကျယ် ၁ ပေခွဲပတ်လည်ခန့်ပေါက်ပြဲ၊ မျက်နှာကျက်တွင် အပေါက်ငယ် ၃၀ ခန့်နှင့် သံမှုန်စ၊ သွပ်စ၊ ဘောစိ၊ မူလီခေါင်းအချို့စစ်ဆေးတွေ့ရှိရကြောင်းနှင့် အဆိုပါရုံးသည် ရန်ကုန်- မန္တလေး လမ်းဟောင်းနှင့် ကပ်လျက်ရှိသော ရုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားလိုသည့် လူတစ်ချို့က အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ဒေသန္တရလက်ပစ်ဗုံးဟု ယူဆရသော ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။