နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ   နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

Friday, February 10, 2023 - 03:45

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက Myanmar Electronic Voting Maching (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်(Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ/မရှိ ပြသသောစက်(Verification Unit)၊ မဲပုံးနှင့် ဘထ္ထရီများဖွဲ့ စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက် အများအပြား ထုတ်လုပ်ရန်အတွက် ပြင်ဆင်ရမည့်အချက်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် စမ်းသပ်တည်ဆောက်ထားသည့်  Myanmar Electronic  Voting Maching (MEVM) ဖြင့် စမ်းသပ်မဲပေးမှုကိုကြည်ရှုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။