တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ - ၅

Sunday, February 5, 2023 - 16:30

             တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ရုံးအဆောက်အဦအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့်သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ်အဆောက်အဦ ၁ လုံး၊ ရုံးအတွင်း ထားရှိသည့် ကွန်ပျူတာ ၂ လုံး၊ ပရင်တာ ၃ လုံး၊ သစ်ဖြတ်စက်(Chain Saw) ၁ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

             ထိုသို့ မြို့နယ်သစ်တောဦးစီးဌာနရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား  ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။