ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မော်လမြိုင်ကျွန်း မြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၉၅၀ ဦးအား ၎င်းကျေးရွာရှိ သီရိမင်္ဂလာကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးအကြောရောဂါ ၁၈၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၁၉၇ ဦးနှင့် သွားရောဂါ ၃၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၃၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၁ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်း များနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၂၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြိး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။