တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက် နေပြည်တော်၊ ဇန်နဝါရီ - ၃၀

Monday, January 30, 2023 - 16:15

             တပ်မတော်တွင်ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ယခုအခါ ဒုတိယအကြိမ်တွင်အသည်းအစားထိုး လူနာ ၃ ဦးအား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ် ကုသမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။

             အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

             အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် အရာခံဗိုလ် သိန်းသန်းကျော် ၏ဇနီး ဒေါ်ဌေးဌေးနှင့် ၎င်း၏အသည်းအလှူရှင်ဖြစ်သော မောင်ရှိန်းသူနိုင်တို့ကို ခွဲစိတ်ကုသဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

             အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၁၀ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၅ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံ လူနာထံသို့ အသည်းအစားထိုးခြင်းဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်းကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန် တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

             ယင်းသို့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။