မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဇန်နဝါရီ ၂၆ ရက် နံနက် ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံသို့ ဇန်နဝါရီ ၂၆ ရက်နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများ သည် မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိ လာပြီး အဆိုပါစက်ရုံဝန်းအတွင်း စက်ရုံလုံခြုံရေးဆောင်ရွက်နေသည့် ဝန်ထမ်းများ အား သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်ခဲ့ကြပြီး စက်ရုံအတွင်းဝင်ရောက်ကာ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ် ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးတို့အား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်ကာ Laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်အဖွဲ့များ၏ ပြောဆိုစေခိုင်းချက်အရ မန်နေဂျာဦးမျိုးဇင်ဝင်းသည် စက်ရုံအတွင်းရှိ ဖုန်းတစ်လုံး အား ဆက်သွယ်၍ ငွေကျပ် သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည် ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွွယ်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိပြီး အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စတင် လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ Export ပြန်လည် တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရှိရသည်။
NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် ဒေသခံပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများအပေါ် အနှောင့်အယှက်အဟန့်အတား ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံ ပြည်သူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအပေါ် ကျေနပ်မှုမရှိဘဲ ပြစ်တင်ရှုတ်ချ လျက်ရှိကြောင်း သိရှိရသည်။
NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက် အဦများအား အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင် ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အတင်းအဓမ္မခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူများအား အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြား၍ ရပ်ရွာအေးချမ်းသာယာရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။