ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြား ရန်ကုန်- မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက်သမားများက  မိုင်းထောင်ဖောက်ခွဲ နေပြည်တော်၊ ဇန်နဝါရီ - ၂၆

Thursday, January 26, 2023 - 15:30

             မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြားရှိ ရန်ကုန်- မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

             ဖြစ်စဉ်မှာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူး ဘူတာနှင့် ကျိုက္ကသာဘူတာကြားရှိ ရန်ကုန်- မော်လမြိုင် မီးရထားလမ်းအား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် ခလွန် ချောင်းတံတားအမှတ်(၄၁)၊ မိုင်တိုင်(၈၈)နေရာ၌ ရထားလမ်းကူး သံဘောင်ဘေလီ တံတား အပေါ်မင်းကုန်း(Topcord) တစ်ခုတွင်  ၆ လက်မခန့်ပျက်စီး လျက်ရှိသည်ကို တွေ့ရှိရပြီး ရထားဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။ အဆိုပါနေရာ ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းခဲ့ရာ တံတားပေါ်တွင် ထောင်ထားသည့် ဒေသန္တရလက်လုပ် ရီမုမိုင်း ၁၀ လုံး ထပ်မံတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သက်မဲ့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

             အထက်ပါဖြစ်စဉ်မှ ရထားလမ်းကူးတံတား ပျက်စီးမှုအား နယ်မြေခံမြို့ပြ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေး ပြုပြင်လျက်ရှိကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲခဲ့သည့် PDF အမည်ခံ အကြမ်းဖက် သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။