နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက် သည်။ ထို့နောက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အစီအစဉ်၊ အကြောင်း အရာများကို နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲ အစီအစဉ် များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော် မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ စဝ်အုမ်ခေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ် ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှ မပြီးပြတ်သေးဘဲ ဆက်လက် ဆွေးနွေးရမည့်ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြု ချက်များကို ဆွေးနွေးကြရာ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)