သာသနာအကျိုးသယ်ပိုးနေသော သံဃာတော်တစ်ပါးအား ဆူပူဆန္ဒပြသူလူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ရရှိဒဏ်ရာများပြင်းထန်းသဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပင့်ဆောင်ဆေးကုသမှုများ ဆောင်ရွက်

Friday, April 2, 2021 - 07:00

နေပြည်တော်၊ မတ် - ၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သာသနာ့ဂုဏ်ရည် ပခုက္ကူကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ နရပတိ သည်  မြင်းခြံမြို့သို့သွားရောက်၍ ပြန်လည် ထွက်ခွာလာစဉ် မြင်းခြံမြို့ရှိ ဆူပူဆန္ဒပြသူလူတစ်စုက ဆရာတော်အား လူဝတ်လဲရိုက်နှက်ကာ ဖမ်းဆီးထိန်းသိမ်းထားပြီး မြင်းခြံ-နွားထိုးကြီးသွား ကားလမ်းဘေးရှိ သစ်ခြေပင်ရွာအနီးသို့ ကားဖြင့် လာရောက်ပစ်ထားကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြားသိရသဖြင့် သွားရောက် ပင့်ဆောင်ခဲ့ပြီး နယ်မြေခံတပ်တွင် ခေတ္တထားရှိကာ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးခဲ့သည့် သတင်း အား မတ် ၄ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

အဆိုပါ သံဃာတော်၌ ရရှိဒဏ်ရာများမှာ ပြင်းထန်သဖြင့် မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံသို့ ပင့်ဆောင်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ရာ စိုးရိမ်ဖွယ်အနေအထားရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ထပ်မံပင့်ဆောင်ပြီး ဆေးကုသမှုခံယူစေလျက်ရှိရာ တပ်မတော်မှ ပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူးများ၊ သူနာပြုများက အထူးကြပ်မတ်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆရာတော်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများကို နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုဖူးမြော်၍ ကျန်းမာရေး အခြေအနေများအား မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။