နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့  တတိယနေ့ တွေ့ဆုံဆွေးနွေး   

Saturday, January 7, 2023 - 17:00

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့်  ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထား များအား ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့်  သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြပြီးနောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သိရသည်။