နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ဒုတိယနေ့ တွေ့ဆုံဆွေးနွေး                                               

Friday, January 6, 2023 - 15:30

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့်  ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး ပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့်ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ၂ ရက်တာဆွေးနွေးညှိနှိုင်းမှုများမှ နှစ်ဖက်သဘောထားများကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ရပ်နားခဲ့ သည်။

တတိယနေ့ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်း သိရသည်။