နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း    (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွဲကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်

Tuesday, January 3, 2023 - 17:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း    (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွဲကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံ အားပေး

နေပြည်တော် ဇန်နဝါရီ  ၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ညနေပိုင်းတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွဲကြမည့် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ တည်းခိုနေထိုင်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် စစ်ကြောရေးနှင့် တည်းခိုစခန်း(ရွာတော်)၌ တည်းခိုနေထိုင်ကြသော ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက် တွေ့ဆုံအားပေးသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Medal Hall သို့ရောက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များအား တွေ့ဆုံအားပေးစကားပြောကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးကိုကိုနှင့် ဦးမင်းသိန်းဇံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များအား ပုသိမ်ထီးများအမှတ်တရလက်ဆောင်ပေးအပ်ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် တိုင်းရင်းရာရိုးရာယဉ်ကျေးမှုအဖွဲ့များတည်းခိုနေထိုင်သည့် အိပ်ခန်းဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) သို့ရောက်ရှိပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွဲကြမည့်ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး စကား ပြောကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ မျိုးသိမ်းကျော်နှင့်  ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့က ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင် ပုသိမ်ထီးများပေးအပ်သည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့သည့် ကျောင်းသားကျေုာင်းသူများတည်းခိုနေထိုင်သည့် အိပ် ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးပြီး စားသောက်နေထိုင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် အခြားလိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေး နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။