နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက် ရှိသည်။ ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သော အကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၌ တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ကျော်မျိုးသူ အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်မျိုးသူ၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် ၃ ခု၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ပြီး တရားခံပြေး လှမိုး(ခ) လှမိုးအောင်အား တပ်ကုန်းမြို့နယ်၊ ဆည်ထိပ်ကျေးရွာနှင့် ရွှေမြို့ကျေးရွာသွားလမ်းပေါ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ လှမိုး(ခ)လှမိုးအောင် ၏ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့နေသည့် ကျော်ဆန်းအေး(ခ)အရှည်ကြီး အား တပ်ကုန်း မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ရှိ ဆိုင်ကယ် ကယ်ရီဂိတ်၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၃ ဦး ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့်၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် ၃ ခု၊ Keypad ဖုန်း ၁ လုံး၊ ရီမု ၁ ခု၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကျော်မျိုးသူသည် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ဗညား(ခ)သီဟ ၏ ချိတ်ဆက် ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ဖယ်ခုံမြို့နယ်၊ ဆီးဘူးကျေးရွာ အနီး၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိလက်နက်/ ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား တပ်ကုန်း PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ဗညား(ခ)သီဟ သည် ဖယ်ခုံမြို့နယ်ဘက်မှ ၎င်းတို့နှင့် ဆက်စပ်မှုရှိသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များထံမှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ္စည်းများဖြင့် လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် တပ်ကုန်းမြို့နယ်အတွင်း၌ အများပြည်သူများ စုဝေးလျက်ရှိသည့်နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တွင် လှမိုး(ခ)လှမိုးအောင်နှင့် ကျော်မျိုးသူ တို့မှ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်း၊ ကျော်ဆန်းအေး(ခ)အရှည်ကြီး သည် ဖောက်ခွဲရေးပြုလုပ်မည့် နေရာများနှင့်လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို စောင့်ကြည့် ခြင်းအား အသီးသီးတာဝန်ခွဲဝေပြုလုပ်သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကျော်မျိုးသူ၊ လှမိုး(ခ) လှမိုးအောင်နှင့် ကျော်ဆန်းအေး(ခ)အရှည်ကြီး တို့ ၃ ဦးသည် တပ်ကုန်းPDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဗညား(ခ)သီဟ၏ ခိုင်းစေမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်း လွတ်လပ်ရေးနေ့တွင် အခမ်းအနားပြုလုပ်မည့် တပ်ကုန်းမြို့၊ ဗိုလ်ချုပ် ကြေးရုပ်နှင့် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်နေရာအားလည်းကောင်း၊ မြဝတီရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနေရာအား လည်းကောင်း၊ တပ်ကုန်းမြို့မဈေး ပတ်ဝန်းကျင်နေရာအား လည်းကောင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဘူတာလမ်းနေရာအား လည်းကောင်း၊ တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှေ့ဝင်ပေါက်နှင့် မြောက်ဘက် ဝင်ပေါက်နေရာများအား လည်းကောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပါက လုံခြုံရေး တပ်ဖွဲ့ဝင် များလာရောက်မည့် နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်နေရာအားလည်းကောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် လူစည်ကားရာနေရာ များအား ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေမှုအား အကြမ်းဖက်မှုကို မလိုလားသော တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေ စစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက် သမားများ ဖောက်ခွဲဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ အချိန်မီကြိုတင်သတင်း လက်ဦးမှု ရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။