ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ လက်လုပ် သေနတ်များနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ နေပြည်တော်၊ ဇန်နဝါရီ ၃

Tuesday, January 3, 2023 - 16:45

                 နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ် လာစေရန်၊ စာပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေး ကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

                 ထိုသို့ နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ KG မှ Grade-5 အထိ ကျောင်းသား/သူ ၁၀၀ ဦးခန့်အား ဆရာ၊ ဆရာမ ၁၀ ဦး တို့က ကြီးကြပ်ပညာသင်ကြားပေးမှုများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက် သမားများသည် ဆရာ၊ ဆရာမများအား နှောင့်ယှက်ခြိမ်းခြောက်မှုများ ပြုလုပ်၍ မောင်းထုတ်ကာ ကျောင်းဝင်းအတွင်း၌ အကြမ်းဖက်အဖွဲ့များ နေထိုင်ကြခြင်း၊ အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ခြင်းများ၊ ကျောင်းဝင်းအတွင်း လက်နက်/ခဲယမ်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

                 သို့ဖြစ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ယုတ်မာရိုင်းစိုင်းမှုကို ရွံရှာမုန်းတီးလျက်ရှိပြီး ကျောင်းဖွင့်လှစ်ပေးရန် လိုလားသော ကျောင်းသားမိဘများ၊ အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မြကန်)သို့ သွားရောက် ရှင်းလင်းရှာဖွေခဲ့ရာ ကျောင်းဝင်း အတွင်းမှ လက်လုပ်သေနတ် (အရှည်) ၇ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ် RPG ၃ လက်၊ ၁၂ ဗို့ကျည် ၁၄၃ တောင့်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၁ လုံး၊ ယမ်းမဲ ၂ ပိဿာ၊ ဆားကစ်ပြား ၂ ခု၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁၃ လုံး၊ ဝါယာကြိုး ၃၀ ပေ၊ နိုင်လွန်ကြိုး ၃၀၀ ပေ၊ ကြေးနန်းကြိုး ၃၀ ပေ၊ ဆေးထိုးပိုက် ၆ ချောင်း၊ ပြောက်ကျားဦးထုပ် ၈ လုံး၊ ပြောက်ကျား အင်္ကျီ ၁ ထည်၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ချိန်းဆော ၁ ခု၊ အင်ဗာတာ ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၈ လုံး၊ အားသွင်းခုံ ၂ ခု၊ ဖောက်ခွဲဖျက်ဆီးရေးတွင် အသုံးပြုမည့် ဆိုင်ကယ်ဘောစေ့ ၅၀ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။

                 သို့ဖြစ်ပါ၍ တာဝန်ရှိသူများက ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကျောင်းမဖွင့်လှစ်နိုင်ရန် ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ပတ်သက်သော သတင်းများအား လျှို့ဝှက်စွာ ပေးပို့တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။