နေပြည်တော်၊ မတ် - ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်အထွေထွေရွေးကောက်ပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူ (၃၉.၂)သန်းကျော်အနက် မဲစာရင်းမှားယွင်းနေမှု ပဏာမစိစစ် ချက်အရ ၁၀.၄ သန်းကျော် ဖြစ်ပွားခဲ့မှုအပေါ် နစ်နာသည့်ပါတီများ၊ ပါဝင်ယှဉ်ပြိုင် သည့်ကိုယ်စားလှယ်လောင်းများနှင့် တပ်မတော်တို့က UEC၊ လွှတ်တော်၊ အစိုးရတို့ထံ ဥပဒေနှင့်အညီ တောင်းဆိုခြင်းအပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အထိ ၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ တတိယ အကြိမ် လွှတ်တော်အသစ်ခေါ်ယူ၍ အစိုးအသစ်ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှစ၍ အာဏာသုံးရပ်အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။
ရက်အလိုက်ဖော်ပြပါဆန္ဒဖော်ထုတ်မှုများတွင် အစောပိုင်းကာလများ၌ ဆန္ဒဖော်ထုတ်သူအများစုမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုအသွင် ဆောင်သော်လည်း ဖေဖော်ဝါရီလ ၉ ရက်နောက်ပိုင်းတွင် အကြမ်းဖက်ဆူပူမှုအသွင်(Riot) ၎င်းမှ မင်းမဲ့ စရိုက်ဆန်သောလူအုပ်စု (Anarchy Mob) အသွင်ဖြင့် မြို့ကြီးအချို့တွင် အကြမ်းဖက် လုပ်ရပ်များဆောင်ရွက်လာသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၇) အရအရေးပေါ် အခြအနေကြေညာသည့် ကာလအတွင်းပုဒ်မ (၄၁၃) ပါ လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့် (Martial Law)ထုတ်ပြန်ခြင်းနှင့် ၊ ပုဒ်မ(၄၂၀)အရ နိုင်ငံသားများ မူလအခွင့်အရေးကို ကန့်သတ်နိုင်ခြင်းစသဖြင့် ပြုလုပ်နိုင်သော်လည်း ထိုကဲ့သို့ ဆောင်ရွက်ခြင်းမပြုခဲ့ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် အညင်သာဆုံး နည်းများဖြင့်သာကိုင်တွယ် ဖြေရှင်းဆောင်ရွက်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အား ဖျက်သိမ်းခြင်းမပြုဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ တို့အရ ဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းဆောင်ရွက်မှုဖြစ်စဉ်အပေါ် နိုင်ငံတကာမှ ဖေဖော်ဝါရီလ ၃ ရက်ထိ Military Coup အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် State Emergency အဖြစ် ပြောင်းလဲသုံးစွဲလာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်မှု ဆောင်ရွက်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို မလိုလားသူအုပ်စုအချို့က အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ရပ်ဆိုင်း၍ ငွေကြေးစီးဆင်းမှုပျက်တောက်စေရန်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ဆောင် မှု လုပ်ငန်းများ ရပ်ဆိုင်းသွားရန် ကြိုးပမ်းခဲ့သလို ရုံးလုပ်ငန်းယန္တရားရပ်တန့်စေရန် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းစည်းရုံး၍ Red Ribbon Compaign ဖြင့် စတင်ပြီး နောက်ပိုင်း Civil Disobedience Movement (CDM) လှုပ်ရှားမှုကို အရှိန်မြှင့် ဆောင်ရွက်လာခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်နေ့ထိ ဆန္ဒဖော်ထုတ်လှုပ်ရှားမှုကို အေးချမ်းစွာ ဆန္ဒဖော်ထုတ်မှုအသွင်ဖြင့် ဆောင်ရွက်ရာမှ CDM အရှိန်မြှင့်မှုမှတဆင့် အုပ်စုဖွဲ့ အကြပ်ကိုင်၊ ခြိမ်းခြောက်၊ ဖိအားပေးမှု စသည့် ဆူပူမှုအသွင်သို့ ဦးတည်ပြောင်းလဲ လာ၍လည်း ပြည်သူများအနေဖြင့် မဖြစ်သင့်မဖြစ်ထိုက်သည်များ မဖြစ်ပေါ်စေရေး ကြိုတင်သတိပေးသည့်အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အုပ်စုဖွဲ့ဆူပူမှုအသွင်သို့ ရောက်ရှိလာနိုင်သည့် မြို့ကြီးအချို့တို့တွင် ထုတ်ပြန်ခဲ့ရသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် နေပြည်တော်သပြေကုန်းအဝိုင်းတွင် CDM ခြိမ်းခြောက်အကြပ်ကိုင်မှုတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ ကြို၊ ပို့ ယာဉ် ကြီးများအား လူအုပ်စုကြီးဖြင့် ကားလမ်းပြည့် ပိတ်ဆို့နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မော်လမြိုင်မြို့တွင် ရန်ကုန်သို့ထွက်ခွာမည့် မီးရထား မထွက်နိုင် စေရန် အုပ်စုဖွဲ့၍ ရထားလမ်းပေါ်ပိတ်ဆို့ ဟန့်တားနှောင့်ယှက်ခြင်း၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ ယာဉ်တန်းအား အကြမ်းဖက်ရန်ကြိုးပမ်းလာခဲ့ခြင်း၊ မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၇၆x၇၈ လမ်းနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူအုပ်စုမှ ညှပ်ပူးညှပ်ပိတ်ပြုလုပ်၍ တုတ်၊ ခဲ၊ လေးဂွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်နှောင့်ယှက်ဖျက်ဆီးခြင်း၊ တာဝန်ချိန် ရဲဝန်ထမ်းတစ်ဦးအား ရဲဝန်ထမ်းမှန်းသိလျက် အကြောင်းမဲ့၊ ဥပဒေမဲ့လုပ်ရပ်အဖြစ် ဖမ်းဆီး ရိုက်နှက် ခဲ့မှု ကြောင့် အဆိုပါရဲဝန်ထမ်းသေဆုံးခဲ့ခြင်းစသော ဆူပူအကြမ်းဖက်မှုအသွင် အုပ်စုဖွဲ့၍ ရမ်းကားမှုများ ပြုလုပ်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းနှင့် အညီ အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရသည်။ ဖြေရှင်းမှု အတွင်း နေပြည်တော်၌ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ဆူပူအကြမ်းဖက်သူအချို့ ထိခိုက် ဒဏ်ရာရရှိကာအချို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။ ဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ဘူတာ ကြီးဝန်းကျင်၌ အများပြည်သူခရီးသွားများ၊ မီးရထားဖြင့် ခရီးသွားလာခြင်းမရှိစေရေး မီးရထားသံလမ်းများအား ကွန်ကရစ်ဘလောက်တုံးများ၊ သံလမ်းဟောင်းများ ပိတ်ဆို့ တားဆီးခြင်းနှင့် သံလမ်းလွှဲများအကြား အတားအဆီးအမာများထည့်၍ ခရီးသည်များ အသက်အန္တရာယ်ဖြစ်စေသည်အထိ အုပ်စုဖွဲ့ရမ်းကားမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ အကြမ်းဖက်ဆူပူသူလူအုပ်စုမှ တုတ်၊ ဓားများဖြင့် အန္တရာယ်ပြုခြင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်း၌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဧရာဝတီဌာနခွဲပိုင် ခရီးသည်တင်ရေယာဉ် ၂ စီးမထွက်ခွာစေရေး CDM လှုပ်ရှားမှုမှ အကြမ်းဖက်အသွင်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများဖြင့် တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန်ရည်ရွယ်ချက်ဖြင့် အုပ်စုဖွဲ့ဝိုင်းရံ ပိတ်ဆို့လာခြင်း၊ ပိတ်ဆို့ခံရသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကူညီနိုင်ရေး ထပ်မံသွားရောက် ပူးပေါင်းသည့် လုံခြုံရေးအဖွဲ့များကိုလည်း ထပ်မံဝိုင်းပတ်ပိတ်ဆို့ကာ ဂျင်ကလိ၊ တုတ်၊ ဓား၊ မှိန်း၊ သံမူလီ စသည့် အသက်အန္တရာယ်ထိခိုက်စေသော လုပ်ဆောင်မှုများဖြင့် ပြင်းထန်စွာအကြမ်းဖက်လာ၍အကြမ်းဖက်မှုဖြိုခွဲရေးလုပ်ငန်းစဉ်များနှင့်အညီ မလွှဲသာ မရှောင်သာ ဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ် ၅ စီးပျက်စီးခဲ့ကာ အကြမ်းဖက်သူ ၂ ဦးသေဆုံးခဲ့သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်လည်း အရပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ စိုးရိမ်ဒဏ်ရာရရှိမှုနှင့် ညမထွက်ရအချိန်ဖြစ်မှု အပေါ်ဒဏ်ရာရ မိသားစုက နယ်မြေခံရဲတပ်ဖွဲ့အား ဆေးရုံပို့ပေးရန် အကူအညီတောင်းခံမှုကြောင့် ကူညီ ပို့ဆောင်ပေးစဉ် လုံခြုံရေးတပ်ဖွဲ့များအပေါ် အနီးကပ် တုတ်၊ဓားများဖြင့် သေစေနိုင်သည် အထိ အကြမ်းဖက်အန္တရာယ်ပြုလာခြင်းကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် ဆူပူသူတစ်ဦး သေဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံအုပ်ချုပ်မှုယန္တရား ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများ ရုံးမတက်နိုင်ရေး အုပ်စုဖွဲ့၍ အကြမ်းဖက်ပိတ်ဆို့ဟန့်တားခြင်း၊ ဆူပူဆန္ဒ ပြခြင်း၊ အုပ်ချုပ်ရေးမှူးရုံးအချို့အား သော့အထပ်ထပ်ခတ်ခြင်း၊ ဝင်၊ ထွက်ပေါက် များကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ခြင်းအပြင် ရွှေပြည်သာမြို့နယ်အတွင်း ညအချိန် အုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ထားမှုအပေါ် ရုံးခန်းအတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် အရပ်သား အချို့အား NLD ထောက်ခံ သည့် ရန်လိုအကြမ်းဖက်အုပ်စုတစ်စုမှ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ အလားတူ လူမှု ကွန်ရက်များမှ ဖေဖော်ဝါရီလ ၂၂ ရက်တွင် အငြိမ်းစားလစာထုတ်ယူမည့် အငြိမ်းစား ဝန်ထမ်းများအား ဘဏ်များသို့ မသွားရောက်နိုင်ရန် လမ်းတွင်ပိတ်ဆို့ တားဆီးရေး၊ ဘဏ်တွင်ငွေ မထုတ်နိုင်ရေး အတွက် နည်းမျိုးစုံဟန့်တားနှောင့်ယှက်ကြရေး လှုံ့ဆော် ဆောင်ရွက်လာသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတိပေးချက်များ ထုတ်ပြန်တားမြစ်ခဲ့၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် အေးချမ်းစွာ ပင်စင်လစာများ ထုတ်ယူနိုင်ခဲ့သည်။
၎င်းအပြင် ဖေဖော်ဝါရီ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ဧရာ၀တီတိုင်းဒေသ ကြီး မြန်အောင်မြို့နှင့် ငပုတောမြို့၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့နှင့် သံဖြူဇရပ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံသည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ် ကြသူများကိုလည်း NLD ပါတီဝင်များ ဆူပူအကြမ်းဖက်မှုကို အားပေးအားမြှောက်ပြု သူများ၊ ပြည်ပအားကိုး ပုဆိန်ရိုးများက နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်ခြင်း၊ အေးချမ်းစွာဆန္ဒဖော်ထုတ်ပြီးနောက် လူစုခွဲကြသည့် အချိန်များ၌ နေရာအချို့တွင် လူတစ်ဦးချင်း၊ ယာဉ်များအား တုတ်၊ ဓားများဖြင့် အနီးကပ် ရန်စတိုက်ခိုက် နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ လူတစ်ဦးချင်းစီ၏ အရှက်သိက္ခာ ကျဆင်းစေသည့် လူအုပ်စုအတွင်း အင်္ကျီ၊ လုံခြည်၊ ဘောင်းဘီ အဓမ္မဆွဲချွတ်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ ကတုံးရိတ်ခြင်းစသည့် အကြမ်းဖက်မှုများအား ဆိုးရွားစွာ ပြုမူဆောင်ရွက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဖြစ်စဉ်နေရာ အလိုက် ဖြေရှင်းပေးခဲ့ရသည်။
NLD လိုလားထောက်ခံသူများနှင့် ပြည်ပအားကိုးပုဆိန်ရိုးများ အနေဖြင့် ဝန်ထမ်းများနှင့်ပြည်သူတို့အား CDM နှင့် လူထုလှုပ်ရှားမှုအသွင် ဆောင်ရွက်ရန် နည်း အမျိုးမျိုးဖြင့် ဖိအားပေးဆောင်ရွက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းဖြင့် ပူးပေါင်းပါဝင်စေခြင်း၊ ပါဝင်ခြင်းမရှိသူများအား အုပ်စုဖွဲ့လျက် လူတစ်ဦးစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆုံးရှုံးစေသော၊ ဂုဏ်သိက္ခာညှိုးနွမ်းထိခိုက်စေသော အပြုအမူများဖြင့် ဖိအားပေးခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှု၊ Public Punishment အဖြစ် အရှက်သိက္ခာကျစေခြင်းများ ပြုလုပ်လာခဲ့သည်။ နိုင်ငံတကာအဘိဓာန်များတွင် အဓိပ္ပါယ်ဖွင့်ဆိုမှုအရ CDM သည် မည်သည့်အစိုးရ၊ မည်သည့်ဌာန၊ မည်သည့် စီးပွား ရေးအဖွဲ့အစည်းများတွင်မဆို အကြမ်းမဖက်လှုပ်ရှားမှုဖြစ်သော်လည်း ဥပဒေနှင့် မညီညွတ်သောလုပ်ရပ်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် CDM လှုပ်ရှားမှုကို လှုံ့ဆော်သူများ၊ အတင်းအဓမ္မ ဖိအားပေးသူများ၊ ဥပဒေဘောင် အတွင်းက လုပ်ဆောင်နေသည့်ဝန်ထမ်းများကို လူမှုဝန်းကျင်တွင် အပြစ်ရှိသူများ အဖြစ် ဥပဒေမဲ့ထိုးနှက်ချက်များလုပ်ဆောင်နေမှုများသည် တရားဥပဒေကို ကြီးမားစွာ ဖောက်ဖျက်မှုများပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CDM လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများကို အမှန်တရားအဖြစ်ပုံသွင်းပြီး တရားဝင်စေ့ဆော်နေမှုများကို လက်မခံကြရန် တိုက်တွန်း အပ်ပါသည်။ ယနေ့ လက်ရှိ အခြေအနေများကို သုံးသပ် ကြည့်မည်ဆိုပါက CDM ဆိုသည့် မျက်နှာဖုံးအောက်တွင် Protect ဆန္ဒဖော်ထုတ်ခြင်း၊ Riot အကြမ်းဖက်လှုံ့ဆော်ဆန္ဒပြခြင်း၊ ယင်းမှတဆင့် Anarchy Mob မင်းမဲ့စရိုက် အသွင် အကြမ်းဖက်အဖျက်လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို အဆင့်ဆင့်လုပ်ဆောင် လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများအပေါ် တရား ဥပဒေစိုးမိုးရေးအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
ထို့အပြင် အချို့မြို့ကြီးများတွင် မီးကွင်းပစ်ခြင်း၊ အဆိပ်ခတ်ခြင်း စသော ကောလာဟလများဖြင့် အများပြည်သူကို ထိတ်လန့်တုန်လှုပ်စေ၍ နိုင်ငံကြီးအချို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းကာလဖြစ်စဉ်များကဲ့သို့ ရပ်ရွာနှင့်လမ်းလုံခြုံရေးကို ရပ်ရွာ အစီအစဉ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု လုံခြုံရေး ယန္တရားကျိုးပျက်နေသည့် အသွင်ဖန်တီးလာခြင်းနှင့် မြို့ကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရာမှ မင်းမဲ့စရိုက် ဆန်သော ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာသဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၁၄၄နှင့် အုပ်စုဖွဲ့အကြမ်းဖက်မှုတို့၏ ပြစ်မှုဆိုင်ရာ အကြောင်းခြင်းရာများနှင့် ကျခံရနိုင်သော ပြစ်ဒဏ်များကို ဖော်ပြလျက် ထုတ်ပြန်ထားသည့်ဥပဒေများကို လေးစားလိုက်နာကြရန်နှင့် မလိုက်နာပါက မလွှဲ မရှောင်သာ အရေးယူရမည်ဖြစ်ကြောင်း သတိပေးချက်များကို MRTV နှင့် MWD တီဗီသတင်း၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ပေးခဲ့သည်။
ထိုသို့ထုတ်ပြန်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် အကြမ်းဖက် လူအုပ်စုများသည် သတိပေးချက်များကို လိုက်နာမှုမရှိဘဲ အကြမ်းဖက် လုပ်ရပ်များ အပြင် လုံခြုံရေးတပ်ဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်၍ အသက် အန္တရာယ် ဖြစ်စေသည် အထိ တုတ်၊ဓား၊ ဂျင်ကလိ၊ သံလက်သီးကွင်းများ၊ ဘေ့စ်ဘော ရိုက်တုတ်များစသည်တို့ဖြင့် ဥပဒေမဲ့မင်းမဲ့စရိုက်ဆန်သော ထိပ်တိုက် ရင်ဆိုင် အကြမ်းဖက်ခြင်း၊ အပြစ်မဲ့ ပြည်သူအချို့၏ နေအိမ်၊ ဈေးဆိုင်များနှင့် နိုင်ငံ ပိုင်ယာဉ်ယန္တရား၊ ယာဉ်ထိန်း ကင်းရုံ တို့အား ဖျက်ဆီးခြင်း၊ အသက် အန္တရာယ် ပြုလုပ်ခြိမ်းခြောက်မှုဆောင်ရွက်ခြင်း အပြင် တိုက်ခန်းများအပေါ်မှ ရေနွေးပူ ဖြင့် လောင်းချခြင်း စသည့်လုပ်ရပ်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ လူစုလူဝေးကြီးကြပ်ထိန်းသိမ်းခြင်း လုပ်ငန်း စဉ်မှ မိမိကိုယ်ကိုမိမိ ခုခံ ကာကွယ် ခွင့်အထိ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များကို အသုံးပြု၍ ဆူပူအကြမ်းဖက်မှုများ ကို မလွှဲမရှောင်သာ အကြိမ်ကြိမ် သတိပေး ပြီးမှသာ ဖြိုခွဲခဲ့ရသည်။ ဖေဖော်ဝါရီ ၂၇၊ ၂၈ ရက်တို့တွင် ဆူပူအကြမ်းဖက်သူအချို့ကို ထိန်းသိမ်းခဲ့ရပြီး ထားဝယ်မြို့တွင် ၄ ဦး၊ ပဲခူးမြို့တွင် ၂ ဦး၊ မကွေးမြို့တွင် ၁ ဦး၊ ရန်ကုန်တွင် ၃ ဦးနှင့် မန္တလေးတွင် ၁ ဦးသေဆုံးခဲ့ရသည်။ မန္တလေးတွင် ထိန်းသိမ်း ထားသူများမှ တစ်ဦးမှာ COVID-19 ရောဂါဖြင့် ထပ်မံ သေဆုံးခဲ့၍ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အချို့မြို့ကြီးများတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများအပေါ် စိတ်ရှည်သည်းခံစွာဖြင့် စောင့်ကြည့်ခြင်း၊ သတိပေးခြင်းများသာ ဆောင်ရွက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့နောက်ပိုင်း အများပြည်သူ၏ တည်ငြိမ်အေးချမ်းစွာနေထိုင်စားသောက်ရေးအပေါ် ထိခိုက်စေသော အကြမ်းဖက်ဆူပူခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားနှင့် စီမံခန့်ခွဲရေးယန္တရားအား အဓမ္မနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ဟန့်တားလာခြင်း၊ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့်အရှက်သိက္ခာ၊ လူ့အခွင့်အရေးကို ဆုံးရှုံးထိခိုက်စေသော ဆိုးရွားသည့် အုပ်စုဖွဲ့အကြမ်းဖက်ခြင်း၊ ဖျက်ဆီးခြင်း၊ ထိပ်တိုက်ရင်ဆိုင်လာခြင်းတို့ကြောင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များမှလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် သတိပေး ချက် ထုတ်ပြန်ခြင်း၊ အကြမ်းဖက်အုပ်စုအား ဖြိုခွဲရာတွင်လည်း အနည်းဆုံး အင်အား ဖြင့်သာ လူစုခွဲခြင်း ဆောင်ရွက်ခဲ့ရသည်။ အရေးပေါ်ကာလသတ်မှတ်ပြီးချိန်မှ စတင်၍ အကြမ်းဖက်ဆူပူမှုများ ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံကြီးအချို့ဆူပူရမ်းကား အကြမ်း ဖက်သည့်လူအုပ်စုများကို ဖြိုခွဲသည့်ပုံစံများထက် ပိုမိုပျော့ပျောင်းသည့် မလွှဲမရှောင် သာသော အခြေအနေမျိုးတွင်သာ အနည်းဆုံးအင်အားတို့ဖြင့် ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ပြည်သူများအနေဖြင့် NLD ပါတီဝင်များ၊ ထောက်ခံဝန်းရံ သူများနှင့် ပြည်ပအားကိုးပုဆိန်ရိုးများ၏ သွေးထိုးစည်းရုံးလှုံဆော်မှုများကို လက်သင့် မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကိုသာ အေးချမ်း တည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား လေးစားလိုက်နာနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။