သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ ၅ ရက်
နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအပေါ် သစ္စာခံကာ အမှန်တရားကိုမျက်ကွယ်ပြုပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေးအမြောက်အများကုန်ကျခံကာ နေရာအနှံ့အပြားတွင်(ကွန်ယက်) သဖွယ် လှုံ့ဆော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။
လူထုအနေဖြင့်(အေးချမ်းစွာဆန္ဒပြနေသည်) ဟူသည့်ခေါင်းစဉ်ကို နိုင်ငံတကာပုံရိပ်သို့ ပျံ့နှံ့ရောက်ရှိအောင် သတင်းမီဒီယာများဖြင့် ဆောင်ရွက်လျက်ရှိကြရာ လက်တွေ့အခြေ အနေတွင် ဖြစ်ပွားလျက်ရှိသည့်ဖြစ်ရပ်များအရ သာမန်ဆန္ဒပြသည့်အနေအထားမှ ဆူပူမှုနှင့် အဖျက် အမှောက်လုပ်ငန်းများမှတစ်ဆင့် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ရပ်များသို့ ပိုမိုဦးတည် ဆောင်ရွက်လာနေကြသည်ကို အမှန်တရားကိုလိုလားသူ၊ အေးချမ်းသာယာမှုကိုလိုလားသူ အများပြည်သူလူထုအနေဖြင့် သိမြင်နားလည်ကြပါသည်။
နိုင်ငံတော်အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် လူစုလူဝေးဖြင့် ဆန္ဒပြဖြစ်စဉ် များ၊ အကြမ်းဖက်မှုဖြစ်စဉ်များ ပြုလုပ်ခဲ့မှုအနေဖြင့်လည်းကောင်း၊ လူလူချင်းထောက်ထား ညှာတာမှုမရှိဘဲ အကြမ်းဖက်ဝါဒဆန်ဆန်ပြုမူမှုများ၊ အိမ်ဖောက်ထွင်းပစ္စည်းလုပ်ယက်မှု ဖြစ်စဉ်များ၊ အဆောက်အဦဖျက်ဆီးမှုဖြစ်စဉ်များ ကျူးလွန်ဆောင်ရွက်ခဲ့မှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များကိုအသုံးပြုခြင်း၊ အသံမြည်ဗုံး၊ မျက်ရည်ယိုဗုံးများအသုံးပြုပြီး ထိခိုက်ဒဏ်ရာရရှိမှုအနည်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် အချို့မြို့နယ်များ၌ လူစု လူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲထိန်းသိမ်းခဲ့ရပါသည်။
ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရာတွင် ဆူပူအုံကြွမှုနည်းပါးသော ဒေသများရှိ လူငယ်ထုများအား နောက်ကွယ်ရှိ တိမ်းရှောင်ပုန်းခိုနေသူများမှ ဖိအားပေးခြင်း၊ ခြိမ်းခြောက် ခြင်း၊ ကောလဟလနည်းမျိုးစုံဖြင့် မခံမရပ်နိုင်အောင်နိုးဆွခြင်း၊ လူငယ်ထု၏ စိတ်ခံစားမှုကို တက်ကြွလာအောင် ငွေကြေးထောက်ပံ့မှုများအပါအဝင် နည်းမျိုးစုံအသုံးပြုခြင်းများကို မပြတ် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရပြီး လူငယ်ထု၏မိဘများအနေဖြင့် လွန်စွာပူပန်စိတ်သောက ရောက်ရှိနေကြကြောင်း သိရှိရပါသည်။