ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ရောက်ရှိနေသော ရုရှားဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်မှစစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြားချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာရေးအတွက် အဆင့်လိုက်ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန်လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများစေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များအား ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်အတူ တပ်မတော်(ရေ) မှအရာရှိကြီးများတက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့် ရုရှားဒုတိယရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် ရုရှားဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ဧရာဝတီရေတပ်စခန်းဌာနချုပ် အမှတ်(၄)ရေတပ်ဗောတံတားမှ တပ်မတော်စစ်ရေယာဉ်ဖြင့်ထွက်ခွာခဲ့ကြပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ် အမှတ်(၅)ရေတပ်ဗောတံတားသို့ရောက်ရှိကြရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်နိုင်မင်းကျော်နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ၎င်းနောက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီးShip Handling Simulator တွင် လေ့ကျင့်နေမှုအားလည်းကောင်း၊ Engine Room Simulator တွင် လေ့ကျင့်နေမှုများအားလည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ သိရှိလိုသည်များအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။