နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆ

Saturday, December 17, 2022 - 15:15

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(MRTV)အဖွဲ့တို့က သွားရောက် ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ ဒီဇင်ဘာ  - ၁၇

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရ သည့်စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝ ဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆို ကပြလျက်ရှိသည်။

          ထိုသို့ သွားရောက်ဂုဏ်ပြု သီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ ကာသာမြို့၊ ဝန်းသိုမြို့နှင့် အင်းတော် မြို့တို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့  နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် ဖျော်ဖြေကြရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများက လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။

ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီးဒေသထွက် အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြ သည်။