(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော် ဒီဇင်ဘာလ ၁၅
(၇၅)နှစ်မြောက်၊ စိန်ရတု တပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ် ပြု စစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ) များ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေး ချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲ များအား စစ်ဆေးသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က(၇၅)နှစ်မြောက် စိန်ရတု တပ်မတော် (လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
အလားတူ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အား မိတ္ထီလာတပ်နယ်ရှိ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် ကျင်းပပြုလုပ် ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဉက္ကဌ၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်၊ သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ် (၇၅)ပါး ကြွရောက်ချီးမြှင့်တော်မူ ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး ဒေါ်တင်မိုးနွယ်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်မြင့်မြတ်မြတ်စိုး၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ် တရားတော်များအား နာယူကြသည်။
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြပြီး နောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။