PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ်၊ တိုရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ၌ ကျောင်းသား၊ ကျောင်းသူများ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးနေမှုအား နှောင့်ယှက်ဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်၊ စာသင်ပေသင်ကြားခြင်း မပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံ အသုံး ပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၂) ရပ်ကွက်(ဒေသအခေါ်-တိုရွာ)ရှိ တိုရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ပညာသင်ကြားလျက်ရှိသော Grade-3 မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးခန့်တို့အား ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုအား ဆရာ၊ ဆရာမ ၂၃ ဦးတို့က ကြီးကြပ် ဆောင်ရွက်လျက်ရှိနေစဉ် နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ စာမေးပွဲစစ်ဆေးမှုအား ဆက်လက်ပြုလုပ်ခြင်းမပြုရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျောင်းဝင်း အတွင်းမှ ထွက်ခွာသွားရန် မောင်းထုတ်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက ကျောင်းအတွင်းမှ ထွက်ပြေးရှောင်တိမ်းခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများ၏ နှောက်ယှက်ခြိမ်းခြောက်မှုကြောင့် ပထမနှစ်ဝက်စာမေးပွဲ စစ်ဆေးမှုအား ခတ္တရွှေ့ဆိုင်းထားခဲ့ရကြောင်းနှင့် ပြန်လည်ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် စာမေးပွဲဖြေဆိုမှု မပြုလုပ်နိုင်ရေး ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။