ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူများအား ကယ်ဆယ်ရေးဆောင်ရွက်ပေး နေပြည်တော်၊ ဒီဇင်ဘာ - ၉

Friday, December 9, 2022 - 14:30

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ထွက်ခွာလာသူများအား ကယ်ဆယ်ရေးဆောင်ရွက်ပေး

နေပြည်တော်၊ ဒီဇင်ဘာ - ၉

                 မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ် တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာ နိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့ အရောက်၌ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရ သဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့သည်။

                 သတင်းရလျင်ရချင်း တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကော်ဗက်အမျိုးအစားစစ်ရေယာဉ်အား စေလွှတ်ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာ၌ HAI DUONG 38 ရေယာဉ်နှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်ခဲ့သည်။ အဆိုပါဘင်္ဂါလီလူမျိုးများသည် ပင်လယ်ပြင်အတွင်း အစာရေစာပြတ်လပ်မှုကြုံတွေ့ခဲ့ရကာ ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသဖြင့် ပြန်လည်ခေါ်ဆောင်လာသည့်လမ်းခရီး၌ ဆေးဝါး များ ကုသမှုများ ဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေနှင့် အစားအစာ ကျွေးမွေးခြင်း စသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဖေးမမှုများ ဆောင်ရွက်ပေး ခဲ့သည်။  

                 အထက်ပါ ဘင်္ဂါလီလူမျိုးများအား ဆားကျွန်းအရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာ၊ မြိတ်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီမှစ၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်သောအဖွဲ့စုံဖြင့် ရေယာဉ်ပေါ်၌စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

                 အဆိုပါဘင်္ဂါလီလူမျိုးများသည် ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆို တတ်ပြီး ကနဦးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင် ဒုက္ခသည်စခန်းများမှဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းအတွင်း လူဦးရေများ ပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့်စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှား နိုင်ငံသို့သွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇  ရက် တွင် အဆိုပါ စက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR)မှ ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်များ ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇  ရက်တွင် လှေအတွင်းသို့ ရေများ ဝင်ရောက်၍ နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ် ပါသူ အားလုံး အသက်ရှင်လျက်ရှိကြောင်း သိရှိရသည်။

                 ယင်း ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာန ပါဝင်သောအဖွဲ့စုံဖြင့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ပြီးပါက စစ်တွေမြို့ သို့ ဆက်လက် ပို့ဆောင်၍ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။