နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) တို့၏(၂၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တို့မှ သင်ကြား/စီမံ ဆရာတော်များနှင့် ဘွဲ့ခံသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပူဇော်သည်။
အခမ်းအနားအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးမှ ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟူသော သာသနာတော်သုံးရပ်အကျင့်မြတ်တို့တွင် ကန်ပေါင်ကန်ရိုးသဖွယ်ဖြစ်သော ပရိယတ္တိသာသနာတော်ကို အဆက်မပြတ်ပို့ချ သင်ကြားခြင်း၊ ဒါယကာ၊ ဒါယိကာမများကလည်း စဉ်ဆက်မပြတ် ပြုစုထောက်ပံ့ကြခြင်းဖြင့် ကျန်ပဋိပတ္တိ၊ ပဋိဝေဓ သာသနာနှစ်ရပ်လည်း စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းနေမည်သာဖြစ်ပါကြောင်း အစရှိသော သာရဏီယဩဝါဒကထာမိန့်ကြားတော်မူသည်ကို နာယူကြည်ညိုကြသည်။
၎င်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ အရှင်သူမြတ်က ယခု ဘွဲ့ခံအရှင်မြတ်တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမတည်းဟူသော သာသနာသုံးရပ် အကျင့်မြတ်တို့ကို စာတွေ့အားဖြင့်လည်းကောင်း၊ လက်တွေ့အားဖြင့်လည်းကောင်း၊ ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးထားသော အမာခံအင်အားများ ဖြစ်ကြသောကြောင့် သတိမလပ်အမြဲကပ်ပြီး လုပ်ငန်းခွင်တာဝန်များကို ဆောင်ရွက်လုပ်ကိုင်ကြပါဟု သမ္မောဒနီယကထာကို မိန့်ကြားသည်။
၂
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို တို့က သာသနာရေးဆိုင်ရာများ လျှောက်ထား ကြသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ ခံယူမည့် ရဟန်းတော် တစ်ပါးချင်း၏ ဘွဲ့တော်ကိုကြေညာ၍ ပါမောက္ခချုပ် ဆရာတော်ထံတွင် ဘွဲ့ခံယူပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော်တစ်ပါးချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ် ဆရာတော်ထံတွင် အသီးသီးဘွဲ့ခံယူကြပြီး ယခုနှစ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ရ ဆရာတော်(၁၃)ပါး၊ သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့ရဆရာတော် (၁၂၄)ပါး၊ ပေါင်း (၁၃၇)ပါး ဘွဲ့ခံယူကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး၏ ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုဂတိသစ္စာ ခံယူကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသည့် ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။
ဆက်လက်၍ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပါသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာတော် (၁၈) ပါး၊ ဘွဲ့ခံရဟန်းတော် (၁၃၇)ပါး စုစုပေါင်း (၁၅၅)ပါးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူပူဇော်ခဲ့ကြောင်း သတင်း ရရှိသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန